Sunday, April 12, 2009

အခါလွန်တဲ့မိုး

နေရောင်ခြည်က ကမ္ဘာမြေပေါ်ကို ဖြာဆင်းနေတယ်

အပူရှိန်ကြောင့် မြေပြင်ပေါ်မှာ တံလျှပ်လေးတွေ ဖြစ်ပေါ်နေတယ်

အရပ်လေးမျက်နှာလုံး ကြည်လင်နေတယ်

မှုံပြပြနဲ့တော့ လွမ်းစရာပေါ့

လေနုအေးလေးတွေက တဖြူးဖြူးတိုက်ခတ်နေတဲ့ အချိန်

ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေဝေနေတဲ့အချိန်

ဒီရာသီလေးကတော့ April ပါ

မြန်မာတွေရဲ့နှစ်သစ်ကူးလးလေ

ငါကတော့ အမိမြေနဲ့အဝေးကြီးမှာ

ဒီအချိန်ဆို ငါလိုပဲ အိမ်နဲ့ဝေးနေတဲ့သူတွေ အရမ်းအထီးကျန်ကြမှာပါ

ဒီနေ့ ချစ်သူနဲ့တွေ့တယ်

ချိန်းထားတဲ့အချိန်ထက် သူနောက်ကျနေတယ်

ငါ့အတွက်တော့မထူးဆန်းတော့ ပါဘူး

မင်းလာမဲ့အချိန်ကို အမြဲတမ်းမျှော်နေကြလေ

သူပြောတာက သူ့ရဲ့မွေးရပ်မြေလေးမှာ မိုးတွေရွာနေတယ်တဲ့

အံ့သြစရာပဲနော်

နွေခေါင်ခေါင်ကြီးလေ

သင်္ကြန်မိုးပဲဖြစ်မှာပါ

ကြည်လင်နေတဲ့ ရာသီဥတုလေးမှာ ချက်ချင်းမိုးတွေရွာချသွားတယ်

တကယ်တော့ အဲဒီမိုးက ငါ့ရင်ထဲမှာရွာသွားခဲ့တာပါ

ကြိုတင်ပြင်ဆင်မထားတော့ မိုးတွေစိုသွားတယ်

မိုးရေတွေထဲမှာ အသက်ရှူကြပ်နေတယ်

မိုးရေထဲမှာ မျက်ရည်ကျတယ်ဆိုရင်လည်း ဘယ်သူသိမှာလဲနော်

မိုးနဲ့ရောသွားမှာပေါ့

တကယ်တော့ ငါထင်ခဲ့တာကိုက မှားသွားတာပါ

နွေ၊မိုး၊ဆောင်းဆိုတဲ့ ရာသီဥတုတွေမှာ

နွေဆိုတိုင်း နေပဲပူနေရမှာမှမဟုတ်တာ

မိုးလည်း ရွာမှာပေါ့

မိုးဆိုတိုင်း မိုးပဲရွာနေမှာမှမဟုတ်တာ

နေလည်း ပူမှာပေါ့

ဆောင်းဆိုတိုင်း နှင်းပဲကျနေမှာမှမဟုတ်တာ

မိုးလည်း ရွာမှာပေါ့

ခုတော့ ငါနားလည်ခဲ့ပါပြီ

အရာအားလုံးဟာ အမြဲတမ်းတည်မြဲနေတာမှမဟုတ်တာ

ဟိုးအရင်ကတည်းက အမြဲတမ်းအဆိုးတွေကို ကြိုတွက်နေတဲ့ ငါ့စိတ်

ဒီတစ်ခါ စိတ်လွတ်ပြီး အကောင်းတွေကိုပဲတွေးခဲ့မိတယ်

နောက်ဆိုရင် ငါအဆိုးတွေကိုပဲ ကြိုတွေးတော့မှာပါ

ငါ့ရင်ထဲမှာ ဒီနေ့ရွာသွားတဲ့မိုးတွေက သင်ပေးလိုက်ပြီလေ

အမှတ်တရအနေနဲ့ ဒီမိုးလေးကိုတော့ အမည်ပေးပါရစေ

ရင်ထဲမှာရွာသွားတဲ့

"အခါလွန်တဲ့မိုး".....


0 comments:

Post a Comment