Tuesday, April 28, 2009

ပုံပြင်

ကိုကို ငယ့်ကိုပြောဖူးတဲ့ ပုံပြင်လေးပါ

ဒီပုံပြင်လေးက စာအုပ်ထဲမှာလည်း မဖတ်ဖူးဘူး

ကိုကိုဖတ်ဖူးတဲ့စာကြောင်းလေးတစ်ကြောင်းကို

ကိုကို့စိတ်ထဲက ခံစားပြီးပုံပြင်လေးလုပ်လိုက်တာ

ငယ် အိပ်ယာဝင်ခါနီးလေးမှာ ကိုကိုပြောပြဖူးတယ်နော်

ငယ့်စိတ်ထဲမှာမမြဲတမ်းမှတ်မိနေစေချင်လို့

ကိုကိုတို့အိမ်လေးထဲမှာ ကိုကိုရေးလိုက်တာပါ

နားထောင်နော် ငယ်


"တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ

အရမ်းလှတဲ့ ဘုရင်မလေးတစ်ပါးရှိတယ်

အဲဒီတိုင်းပြည်ကို ဘုရင်မလေးက အုပ်ချုပ်တာပေါ့

အဲဒီတိုင်းပြည်က လူငယ်လေးတွေအားလုံးက

ဘုရင်မလေးကိုချစ်ကြတယ်

သူတို့က ဘုရင်မလေးလှတယ်ဆိုတာထက်

ဘုရင်ဖြစ်ချင်လို့ချစ်ကြတာ

အဲဒါကိုဘုရင်မလေးကသိတော့

သူ့ကိုချစ်တဲ့သူတိုင်းကို စိတ်စမ်းတာပေါ့

အားလုံးကို သေဒဏ်ပဲပေးလိုက်တာ

ဘုရင်မလေးကိုချစ်တဲ့သူအားလုံးကလည်း

လူသတ်ကုန်းကိုရောက်ပြီဆိုတာနဲ့

သေရမှာကိုကြောက်တော့ မူလစိတ်တွေပေါ်လာတယ်

သူတို့အားလုံးသေခါနီးတိုင်း

ဘုရင် မဖြစ်ချင်ကြတော့ပါဘူးလို့ ငိုကြွေးကြတယ်

ဘုရင်မလေးကတော့ အားလုံးကိုသေဒဏ်ပေးခဲ့တယ်

နောက်တော့ဘုရင်မလေးကို ဘယ်သူမှမချစ်ရဲတော့ဘူးလေ

ဒါပေမဲ့ တစ်နေ့တော့ ဘုရင်မလေးကို

ချစ်တဲ့သူတစ်ယောက်ပေါ်လာခဲ့တယ်

အဲဒီကောင်လေးက အရမ်းဆင်းရဲတယ်

ဘုရင်မလေးကလည်း ထုံးစံအတိုင်း

အဲဒီကောင်လေးကို တောင်စွယ်နေကွယ်ရင်သတ်စေဆိုပြီး

သေဒဏ်ပေးလိုက်တယ်

အဲဒီတော့ ကောင်လေးက ဘုရင်မလေးကိုပြောလိုက်တယ်

ဘုရင်မလေးရယ်.....

ကျွန်တော်မျိုးကိုသတ်မယ်ဆိုရင်လည်း

တောင်စွယ်နေကွယ်မှတော့ သတ်မနေပါနဲ့

ဘုရင်မလေး နန်းတော်ပြန်နောက်ကျနေမှာစိုးလို့ပါ" တဲ့


ပုံပြင်လေးပြောနေရင်း ငယ်ကပြောတယ်နော်

ကောင်လေးတွေအားလုံးက ဘုရင်မလေးကို ချစ်ကြတယ်ဆိုတော့

ငယ်က ဘုရင်မလေးပေါ့ တဲ့

ဟုတ်မှာပါ ငယ်ရယ်

ကိုကိုကတော့ ငယ့်ကိုတကယ်ချစ်တဲ့တောသားလေးပေါ့

ငယ်နဲ့ပတ်သက်ရင် ကိုကိုက အမြဲတမ်းကြိုပြောတယ်နော်

မိုးမပြို ပြိုခဲ့သည်ရှိသော်ပေါ့ ငယ်ရယ်

အကြောင်းတစ်ခုခုကြုံလာပြီဆိုရင်လည်း

ပုံပြင်ထဲက နောက်ဆုံးစကားလေးလိုပေါ့.....


0 comments:

Post a Comment